တန်လျှင်ဆေး၊ လွန်လျှင်ဘေး၊ အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း စတဲ့ စကားပုံတွေ ရှေးလူကြီးတွေ ယင်းတို့၏ အတွေ့အကြုံများကို အခြေခံပြီး ဆုံးမစကား ထားခဲ့ကြပါသည်။ မြန်မာ့လူမှုနယ်ပယ်တွင် နိုင်ငံခြား ယဉ်ကျေးမှုများ ကူးစက် ပျံ့နှံ့လာသည်နှင့်အမျှ မြန်မာ့ယဉ်ကျေးမှုနှင့် မလျော်ညီသော နေထိုင် စားသောက်မှုများကလည်း တစ်ပါတည်း တွဲပါလာခဲ့သည်။ ယင်းအခြေအနေတွင် လူငယ်များ အနေနှင့်လည်း သတိနှင့် ယှဉ်တွဲ နေထိုင်နိုင်မှသာ လူမှုဘဝ ဝန်းကျင်တွင် ကျန်းမာပျော်ရွှင်စွာ နေထိုင်နေကြပေမည်။ ယနေ့ခေတ်ပိုင်းတွင် အသက်ကြီးသောသူများ၊ အချို့သော ရောဂါသည်များ၊ အိမ်ထောင်သည်များအတွက် ရည်ရွယ်ထုတ်လုပ်သော ဆေးဝါးများကို လူငယ်များ အနေဖြင့် သောက်သုံးမိခြင်းကြောင့် မလိုလားအပ်သော ကျန်းမာရေးပြဿနာများ ဖြစ်လာမှု များပြားလာလျက် ရှိကြောင်း ကျန်းမာရေး အသိုင်းအဝိုင်းက ပြောကြားကြသည်။ “ဒီဆေးတွေက လမ်းဘေး ကွမ်းယာဆိုင်တွေမှာတောင် အလွယ်တကူ ဝယ်လို့ရနေတော့ လူငယ်တွေ ဝယ်သောက်ကြတယ်။ ဘေးထွက်ဆိုးကျိုးတွေ ရှိတယ်ဆိုတာတို့၊ ကျန်းမာရေး ထိခိုက်နိုင်တာတို့တွေ လုံးဝ မတွေးမိကြတဲ့အတွက် ဒီကလေးတွေမှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာပါတယ်” ဟု နေအရည်အသွေးပြည့် ဆေးခန်းမှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာဇော်မျိုးထက်က ပြောကြားလိုက်သည်။
လိင်စိတ်နိုးကြွဆေး ဆိုတာ
များသောအားဖြင့် အသက်အရွယ်ကြီးသူများ၊ အိမ်ထောင်ရေးသုခ မပြည့်စုံသူများအတွက် ရည်ရွယ် ထုတ်လုပ်ထားခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင်တော့ လူငယ်များနှင့် လူလတ်ပိုင်းများ သောက်သုံးမှုများသောဆေး ဖြစ်နေကြောင်း သိရသည်။ “လိင်ပိုင်းဆိုင်ရာ စိတ်ဓာတ် တက်ကြွတဲ့ပုံစံ ဆေးမျိုးတွေကို လူငယ်လူရွယ်တွေ သောက်လာကြတယ်။ နောက်ပိုင်းကျတော့ မီဒီယာတွေကလဲ ဆေးကြော်ငြာတွေ ပါတယ်။ အချို့အချို့သော ကြော်ငြာတွေကလဲ လိင်စိတ်နှိုးဆွပေးတဲ့ ပုံတွေချည်းပဲ ဖြစ်လာတယ်။ ဒီမှာ ပိုပြီး လမ်းမှားလိုက်ချင်စရာ ဖြစ်လာတယ်။ ပိုတက်ကြွချင်လာတော့ ဒီလိုဆေးတွေကို ဆရာဝန်ညွှန်ကြားချက် မပါဘဲ သောက်လာကြတာပေါ့” ဟု ဒေါက်တာဇော်မျိုးထက်က ပြောသည်။
ဘေးထွက်ဆိုးကျိုးရှိ
မည်သည့်ဆေးမျိုးမဆို ဘေးထွက်ဆိုးကျိုး အနည်းအများ ရှိတတ်ပြီး အဆိုပါ ကာမစိတ် တက်ကြွစေသော ဆေးများမှာ ဆရာဝန် ညွှန်ကြားချက်အတိုင်း မသောက်မိပါက မူးဝေခြင်း၊ အန်ခြင်းနှင့် အလွန်အမင်း ခေါင်းကိုက်ခြင်း၊ တစ်နေကုန် ပင်ပန်းနွမ်းနယ်နေခြင်း အစရှိသော ဆိုးကျိုးများရှိကြောင်း သိရသည်။
ရောဂါသည်တွေ သတိထား
အဆိုပါ ဆေးဝါးများကို သွေးတွင်းအဆီဓာတ် များသူများ၊ သွေးတိုး ရောဂါသည်များ၊ နှလုံးရောဂါ ဝေဒနာရှင်များ၊ ဆီးချိုသွေးချို ဝေဒနာရှင်များ ဆရာဝန်ညွှန်ကြားချက် မပါဘဲ လုံးဝ မသောက်သုံးသင့်ကြောင်း သတိပေး ပြောကြားသည်။ “ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးက မူးတယ်၊ ခေါင်းတွေ ကိုက်တယ်၊ အန်တယ်၊ တစ်နေကုန် ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်နေတတ်တယ်။ အရင်ကတည်းက နှလုံးသမားတွေ၊ ဆီးချိုရှိတဲ့ သူတွေ၊ သွေးတိုးသမားတွေ၊ သွေးထဲမှာ အဆီဓာတ်များတဲ့သူတွေ မသောက်သင့်ပါဘူး။ ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်တာ ကောင်းပါတယ်။ မဟုတ်ရင်တော့ အသက်အန္တရာယ်တောင် ရှိနိုင်ပါတယ်” ဟု ဆိုသည်။
ကြော်ငြာတွေ သတိထားစေချင်
များသောအားဖြင့် ကြော်ငြာများ၊ အရက်ကြော်ငြာများတွင် သရုပ်ဆောင်များ၏ အရှက်လုံရုံ ပုံများကြောင့်လည်း လူငယ်များ အနေနှင့် လမ်းမှား ရောက်နိုင်သည့်အတွက် ကြော်ငြာပိုင်ရှင်များမှလည်း မိမိတို့၏ ကုန်ပစ္စည်း ရောင်းရရေးကို အဓိကမထားဘဲ လုပ်ဆောင်သင့်ကြောင်းလည်း တိုက်တွန်း ပြောကြားခဲ့သည်။ “အခုက ကြော်ငြာပုံတွေကအစ လိင်စိတ်နိုးကြွအောင် တမင်တကာ ရိုက်ကြတယ်။ ဒီလိုပုံတွေ လမ်းပေါ်မှာ မမြင်ချင်လဲ တွေ့နေရတယ်။ ကလေးတွေ အနေနဲ့လဲ ဒီလိုပုံတွေကို ကြည့်တာ၊ အင်တာနက်တွေ ကြည့်တာတွေကနေ တစ်ဆင့် ဒီဆေးတွေတောင် စမ်းသပ် သုံးစွဲလာကြတဲ့အတွက် တာဝန်ရှိသူတွေ အနေနဲ့လဲ သတိရှိကြဖို့ လိုပါတယ်” ဟု ဆက်လက် ပြောကြားခဲ့သည်။ အဆိုပါ ဆေးဝါးများအား လမ်းဘေး ကွမ်းယာဆိုင်များတွင်ပါ ဝယ်ယူ သောက်သုံးနိုင်ခြင်း၊ ဈေးနှုန်း သက်သာခြင်းများကြောင့်လည်း လူငယ်များ ပိုမို စမ်းသပ်ရ လွယ်ကူနိုင်ခြင်း ဖြစ်နိုင်ကြောင်းလည်း ယင်းက ဆက်လက် ပြောကြားခဲ့သည်။ “နိုင်ငံခြားမှာဆိုရင် ဒီဆေးတွေရဲ့တန်ဖိုးက ဗိုင်ရာဂရာဆိုရင် အရည်အသွေး ကောင်းတယ်။ ဘေထွက်ဆိုးကျိုး နည်းတယ်။ မြန်မာငွေနဲ့ တွက်ရင်တော့ ၈၀၀၀၊ ၁၀၀၀၀ ကြားရှိတယ်။ ခုက အိမ်နီးချင်းနိုင်ငံတွေက သွင်းတဲ့ဆေးတွေ ဆိုရင်တော့ ၈၀၀ ကနေ ၁၀၀၀ ကြားပဲ ရှိတယ်။ ဒီတော့ စမ်းသပ်ရလွယ်တယ်။ အရည်အသွေးကလဲ ကောင်းမကောင်း မသိနိုင်ဘူး။ လမ်းဘေး ကွမ်းယာဆိုင်တွေမှာ ရောင်းပေးနေတာတွေလဲ ထိန်းချုပ်သင့်ပါတယ်” ဟု အသိပေး ပြောကြားလိုက်သည်။ ယင်းကြောင့် တန်ဆေးလွန်ဘေး မဖြစ်ကြစေရန်အတွက် ပညာပေးအနေဖြင့် တင်ဆက်ပေးလိုက်ရပါသည်။
ပန်းဦးစား
Credit to-ငွေစန္ဒီ
0 comments:
Post a Comment