မိန်းကလေး ကျောင်းသူတွေကို သခွားသီးမှာ ကွန်ဒုံးအစွပ်ကို အစားထိုး
စွပ်ခိုင်းရတဲ့အခါ အတော့်ကို ကသိကအောင့် ဖြစ်ကြတာကို တွေ့ခဲ့ရတယ်။ ဒါပေမယ့်
အခုလုပ်တဲ့ လိင်ပညာပေး အလုပ်ရုံ ဆွေးနွေးပွဲလေးကို တက္ကသိုလ်ကျောင်းသားတွေ
ပြင်ဆင်လာကြတဲ့ အတိုင်း အထစ်အငေါ့မရှိ အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်။
တက္ကသိုလ် ကျောင်းသား/သူတွေ ဦးဆောင်ပြီး အလယ်တန်းဆင့် ကျောင်းသားတွေကို
သင်ကြား ပို့ချ ဆွေးနွေး သွားကြတာပါ။ ဆယ်ကျော်သက် အရွယ်တွေရဲ့
ချစ်မှုကြိုက်မှု ကိစ္စကို ထိန်းဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စပါ။ အခုလို
လိင်မှုဆိုင်ရာ ကိစ္စကို ဆွေးနွေးဖို့ကတော့ အတော့်ကို မလွယ်ပါဘူး။
မန်တနာ ၁၅ နှစ် သမီးတုန်းက ကောင်လေး တစ်ယောက်နဲ့ ဇာတ်လမ်းဖြစ်တော့
သူ့မိဘတွေကော၊ ဆရာတွေကော ဝိုင်း မေးခွန်းထုတ်ကြ၊ ကန့်ကွက်ကြတာ
မခံမရပ်နိုင်အောင်ပါဘဲ။ “အဲဒီတုန်းက သူတို့တတွေ စိုးရိမ်လို့ ပြောကြတယ်
ဆိုတာကို ကျမသိတယ်။ ဒါပေမယ့် ကျမ ဘယ်လိုမှ နားမဝင်ခဲ့ဘူး” ဟု သူမက ပြောတယ်။
အခု ၂၁ နှစ် အရွယ် မန်တနာက သမာဆပ် တက္ကသိုလ်မှာ စာနယ်ဇင်းနှင့်
လူထုဆက်ဆံရေးပညာ အကြီးတန်းကို တက်ရောက်နေသူပါ။ သူမရဲ့ ဆယ်ကျော်သက်
အတွေ့အကြုံကို ပြန်သုံးသပ်ရင်း ရင်ခုန်တက်စ၊ ကလေး သာသာ တုန်းက
လုပ်ချင်တာတွေ၊ ဖြစ်ချင်တာတွေကို ဘယ်လူကြီးကမှ အတင်း ထိန်းကျောင်း
ချုပ်ချယ်ချင်လို့ မရပါဘူး။ ချစ်ကြကြိုက်ကြတဲ့ ကိစ္စတွေဆို ပိုလို့တောင်
လက်မခံကြဘူး။ အဲဒီအရွယ် ယောက်ျားလေးပဲ ဖြစ်ဖြစ်၊ မိန်းကလေးပဲ ဖြစ်ဖြစ်
စိတ်ခံစားမှုကို အဓိက ထားကြတယ်။ ချင့်ချိန်စဉ်းစားမှု မရှိခဲ့ဘူး။ အဲဒီလို
အချိန်မှာ တကယ်လိုတာက လူကြီးသူမတွေရဲ့ နားလည်မှုရှိစွာ တည့်မတ်ပေးဖို့ပါ
လို့ သူမက ပြောပါတယ်။
ဒီကိစ္စဟာ မိသားစုဝင် အချင်းချင်းကြားမှာ ဖြစ်တတ်တဲ့ ဆက်ဆံရေး ပြဿနာတင်
မဟုတ်ပဲ၊ ထိုင်းနိုင်ငံရဲ့ လူငယ်တွေကို လိင်မှုဆိုင်ရာ အသိပညာပေးရေးကို
ချဉ်းကပ်ရာမှာ စိန်ခေါ်မှု တစ်ခု ဖြစ်တယ်လို့ သူမက ဖြည့်ပြောပါတယ်။ လူကြီး
မိဘတွေနဲ့ လိင်ကိစ္စ၊ ကာမဆက်ဆံမှု ကိစ္စတွေနဲ့ ပတ်သက်ပြီး၊ ပွင့်ပွင့်လင်းလင်း
မပြောဆိုရဲဘူး၊ မဆွေးနွေးရဲဘူး။ သူတို့က ကိုယ့်အပေါ် ပုံစံတမျိုးမြင်
သွားမလားဆိုတဲ့ သံသယက လွှမ်းမိုးနေတယ်။ အဲဒီအချက်က လိင်မှုဆိုင်ရာ ပညာပေးဖို့
အတွက် အဓိက အခက်အခဲပဲလို့ သူမရဲ့ ထင်မြင်ချက်ကို ပြောပါတယ်။
အခု သူမပါဝင် လုပ်ဆောင်နေတဲ့ "ဆယ်ကျော်သက်တို့ အတွက် ဘဝတွက်တာ" ဆိုတဲ့
လိင်ပညာပေး အလုပ်ရုံ ဆွေးနွေးမှုက ပိုနည်းလမ်းကျတဲ့ ချည်းကပ်မှုလို့ ဆိုတယ်။
ဒီအစီအစဉ်ကို သူမတက်ရောက်နေတဲ့ စာနယ်ဇင်းနှင့် လူထုဆက်ဆံရေး ပညာဌာနနဲ့ ပလန်
ဖောင်ဒေးရှင်း (ထိုင်းနိုင်ငံ) တို့ ပူးပေါင်း လုပ်ဆောင်နေကြတာပါ။
အခု လုပ်နေတဲ့ လိင်မှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲက ကျောင်းသားတွေကို
လိင်နှင့် လိင်ဆက်ဆံမှု အသိပညာ ကိစ္စတွေနဲ့ ဆွေးနွေးပို့ချရာမှာ အချက်အလက်
မှန်ကန်ဖို့၊ လက်တွေ့ကျဖို့၊ နားလည်သိမြင် လွယ်ဖို့ ဆိုတဲ့ ဦးတည်ချက်နဲ့
လုပ်ပါတယ်လို့ ပလန်ရဲ့ ထိုင်းနိုင်ငံဆိုင်ရာ ဒါရိုက်တာ မာဂျာကူဘာရူဘီရာ က
ပြောပါတယ်။
သူမက ဆက်ပြီး "ငယ်ရွယ်သူတွေ အနေနဲ့ အချက်အလက် အမှန်ကိုရမယ်၊ အဲဒီ
အပေါ်မူတည်ပြီး အသိနဲ့ ဆုံးဖြတ်လာတက်ဖို့ကို ပထမဦးဆုံး လုပ်ယူပါတယ်။
ကျမတို့ ငယ်တုန်းကလည်း ဒီလို ချစ်ကြကြိုက်ကြပြီး၊ ရူးရူးမူးမူးနဲ့
အမှားအမှန် ဝေခွဲရခက်ခဲ့တာပဲ။”
"ထိုင်းမှာ ဆယ်ကျော်သက်ရွယ် ကိုယ်ဝန်ဆောင်သည် ပြဿနာက တကယ့်ကို အကြီးကြီး
ရှိနေတယ် ဆိုတာ အားလုံး အသိပဲ။ ဘာကြောင့် ဒီလိုဖြစ်ကြသလဲ ဆိုတော့
လိုအပ်တဲ့ အသိပညာ ဗဟုသုတ မရှိကြလို့ပဲ။”
“သူတို့ကို ကာမဆက်ဆံမှု မလုပ်ကြနဲ့လို့တော့ ပြောလို့ရမှာ မဟုတ်ဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ ဆက်ဆံမယ်၊ လုပ်မယ် ဆိုရင်တောင် မလိုချင်တဲ့
ကိုယ်ဝန် ရမလာအောင်၊ လိင်က တဆင့် ကူးစက်တဲ့ ရောဂါတွေ မကူးစက်နိုင်အောင်
ဘယ်လို လုပ်ရမယ်ဆိုတာကို သူတို့ သိနေရင် မဖြစ်သင့်တဲ့ အခြေအနေတွေကို
ကာကွယ်နိုင်တာပေါ့။”
"အချို့ လူကြီးတွေက လိင်မှုဆိုင်ရာ အသိပညာပေး ကိစ္စကို ငယ်ငယ်ရွယ်ရွယ်နဲ့
မဟုတ်မဟပ်ကိစ္စတွေ လုပ်လာအောင် အားပေးအားမြှောက် လုပ်တဲ့ကိစ္စလို့
ယူဆနေကြတယ်" ဟု မန်တနာက ဖြည့်ပြောသည်။
“တကယ်က သူတို့ ယူဆနေတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ လိင်မှုဆိုင်ရာ
အသိရှိထားတော့ တစ်ယောက်ယောက်ကများ လိင်ဆက်ဆံဖို့ ကြံရင်တောင် အရိပ်အခြေကို
သိတော့ ရှောင်ထွက်နိုင်တယ်၊ မတော်တဆ ကိုယ်ဝန် မရအောင်လည်း
ကာကွယ်နိုင်လိမ့်မယ်။ အဲဒီသိခြင်းက အသုံးမတည့်ဘူးလား” လို့ သူမက
ဆက်ပြောသည်။
အခု အစီအစဉ် တစ်ခုလုံးကို သမာဆပ်တက္ကသိုလ်မှ ကျောင်းသား/သူ ၃၀ က
စီစဉ်ပုံစံချ သင်ပြခဲ့တာ ဖြစ်ပြီး၊ လိုအပ်တဲ့ အချက်အလက်၊ ပညာရပ်ပိုင်း
ဆိုင်ရာ အကူအညီများကို ပလန် ဖောင်ဒေးရှင်းမှ အားဖြည့် ထောက်ပံ့ပေးခဲ့သည်။
ကွန်ဒုံးကို အသုံးပြုပုံ၊ ကိုယ်ဝန်တားဆေး၊ အကျပ်အတည်း ကြုံလာရင် ဘယ်လို
ငြင်းမလဲ၊ သတိထားစရာ အခြေအနေတွေကို ပို့ချဆွေးနွေးသည်။
ယခု အလုပ်ရုံဆွေးနွေးပွဲကို စူဝမ်ခိုလတ်ဝီထိရာလိုင် ရန်စစ်ကျောင်းမှ
အသက် ၁၃ နှစ်နှင့် ၁၄ နှစ် ဝန်းကျင် ကျောင်းသား/သူများနဲ့ ပြုလုပ်ခဲ့ကြသည်။
ဒီအရွယ်တွေက အရာရာကို စူးစမ်းချင်လာပြီ၊ စတင်ဖွံ့ဖြိုးတဲ့ အချိန်၊
သတင်းပလင်းပုံစံ မျိုးစုံ ကလည်း နေရာ တကာမှာ ရှိပြီး၊ သူတို့ သိချင်ကြတယ်။
ဒါကြောင့် ဒီအရွယ် အုပ်စုကို ဦးတည်ချက်ထား လုပ်ဆောင်တာခြင်း ဖြစ်တယ်လို့
သမာဆပ် တက္ကသိုလ်၊ စာနယ်ဇင်းနှင့် လူထု ဆက်ဆံရေး ပညာဌာန တွဲဖက်ပါမောက္ခ
ကလျာကွန်က ဆိုပါတယ်။
အခုအစီအစဉ်က ပို့ချတဲ့ အသိပညာတွေကို လက်ခံနိုင်တဲ့ အရွယ်၊ မဖြစ်သင့်
မဖြစ်ထိုက်တာကို မဖြစ်အောင် ကာကွယ်နိုင်သေးတဲ့ အရွယ်တွေ အတွက် တိကျသေချာတဲ့
အချက်အလက်တွေနဲ့ ပြင်ဆင်ပေးထားပါတယ်။
အခုပြုလုပ်တဲ့ ပညာပေး ပို့ချချက် အစီအစဉ်မှာ အပိုင်းငါးပိုင်း
ပါဝင်ပြီး၊ အားလုံးကို သမာဆပ် ကျောင်းသားတွေ ပုံစံချပြီး ပို့ချခဲ့ကြတာပါ။
လိင်ကွဲပြားမှု၊ ကာမဆက်ဆံခြင်းနှင့် ဆက်စပ်ပြီး ကိုယ်ဝန် ရရှိလာနိုင်မှု၊
ကြုံတွေ့လာနိုင်မယ့် အခက်အခဲများ၊ ကွန်ဒုံးကို စနစ်တကျ ဘယ်လို စွပ်ရမယ်၊
လိင်ဆက်ဆံမှုကနေ ရလာနိုင်တဲ့ ကူးစက်ရောဂါများ အကြောင်းနှင့် ဘယ်လို
ကာကွယ်နိုင်မယ် ဆိုတဲ့ အချက်များ၊ လိုအပ်လို့ ပဋိသန္ဓေတားဆေး သုံးရတဲ့အခါ
သုံးစွဲရပုံ၊ ကိုယ့် ရည်စား ယောက်ျားလေးက လိင်ဆက်ဆံဖို့ စည်းရုံးလာရင်၊
အဆင်သင့် မဖြစ်သေးကြောင်း၊ မဖြစ်နိုင်ကြောင်း ဘယ်လိုငြင်းဆန် ရမလဲ စတာတွေ
ပါဝင်တဲ့ ဆွေးနွေးပို့ချမှု တွေကို ပျော်စရာ ကစားနည်းတွေ၊ သရုပ်ပြ သင်ခန်းစာ
တွေနဲ့ ပြုလုပ်ပညာပေးပါတယ်။
ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့လိုတဲ့ လိင်မှုဆိုင်ရာ ကိစ္စရပ်တွေကို
တကယ့် ဆရာတွေ အစား အသက်အရွယ် သိပ်မကွာတဲ့ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေက
ဆရာတွေ အဖြစ် ပို့ချဆွေးနွေးတဲ့ အခါမှာ၊ သင်ယူတဲ့ ကျောင်းသားလေးတွေ အနေနဲ့
ပြောဆိုဆွေးနွေးဖို့ ပိုအဆင်ပြေပြီး၊ ပိုမိုနားလည် သဘောပေါက် လွယ်စေ ပါတယ်။
တွဲဖက်ပါမောက္ခ ကလျာကွန်က "ကျမတို့ ကျောင်းသားတွေက အခုမှ ၂၁၊ ၂၂ နှစ်
လောက်ပဲ ရှိကြသေးတော့၊ သူတို့ ဆယ်ကျော်သက် အရွယ် လွန်ခဲ့တာ
သိပ်မကြာကြသေးဘူး။" "ဒီတော့ သူတို့ ဆယ်ကျော်သက်မှာ တွေ့ကြုံခဲ့ရတဲ့
လိင်ကိစ္စနဲ့ ပတ်သက်ပြီး ခံစား သိမြင် ခဲ့တာတွေကို အခုပညာပေးအစီအစဉ်မှာ
ကျောင်းသားတွေ ထိထိရောက်ရောက် နားလည်နိုင်ဖို့ ဘယ်လို တင်ပြမလဲ ဆိုတာကို
ကောင်းကောင်း သိကြတာပေါ့"
စူဝမ်ခိုလတ်ဝီထိရာလိုင်ကျောင်းက ၁၄ နှစ် အရွယ်၊ ရှစ်တန်း ကျောင်းသူ
ဂျစ်ထရင်နတ်က အခုလို တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေက လိင်မှုဆိုင်ရာ
ပညာပေးကို လာသင်ကြ၊ လာဆွေးနွေးကြတဲ့ စိတ်ကူးကို နှစ်သက်ကြောင်း ပြောပါတယ်။
အခု သင်ကြားမှု အစီအစဉ်ဟာ ပေါ့ပေါ့ပါးပါးနဲ့ ပျော်စရာကောင်းရုံ တင်မက၊
ကျောင်းကဆရာတွေ သင်တာထက် ပိုထိရောက် ပါတယ်တဲ့။
"ကျောင်းက ဆရာ/ဆရာမတွေနဲ့ သင်ရင်တော့ အမြဲလိုလို သူတို့ ပြောတာ နားထောင်
နေရတာဆိုတော့၊ ဘယ်လိုလုပ် ပြန်မေးခွန်း ထုတ်ရဲမှာလည်း" လို့ ဂျစ်ထရင်နတ်က
ဆက်ပြောပါတယ်။ ဆယ်ကျော် သက်တွေ တွေ့ကြုံရနိုင်တဲ့ လိင်ပိုင်းဆိုင်ရာ
နှောက်ယှက် ခံရမှု၊ မလိုလားတဲ့ ကိုယ်ဝန် ပြဿနာတွေ ဟန့်တားနိုင်ဖို့ရာမှာ
မိသားစုဝင်တွေကြား ပွင့်လင်းတဲ့ ဆက်ဆံရေးက အရေးပါတဲ့ အချက်တချက် ဖြစ်ပြီး၊
ယင်း အလေ့အကျင့်ကို အားပေးဖို့သင့်ကြောင်း သင်တန်းပို့ချသူ ကူဘာရူဘီရာက
ဆိုပါတယ်။
"ကောက်ခံရရှိတဲ့ အချက်အလက်တွေအရ ကျမတို့ဆီမှာ ဆယ်ကျော်သက်
ကိုယ်ဝန်ဆောင်နှုန်း က မြင့်လွန်းနေတယ် ဆိုတာကို အားလုံးသိနေကြတယ်။
တကယ်လို့များ ဖြစ်တဲ့ကိစ္စကို ကိုယ့်အိမ်မှာ၊ သားသမီးနဲ့ မိဘ
ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေး နိုင်ခဲ့မယ် ဆိုရင်၊ အခုလို
ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု အရေအတွက် ပိုနည်းပါလိမ့်မယ်။ ဒီတော့
ပြောဆိုဆက်ဆံရေးဆိုတာ အဓိကကျ မနေဘူးလား" လို့ သည်အစီအစဉ်မှာ ပါဝင်သူ
မာဂျာကလည်း ပြောပါတယ်။ သမာဆပ်နဲ့ ပလန် ထိုင်းနဲ့ လက်မှတ်ထိုး
သဘောတူညီချက်နဲ့ အလုပ်လုပ်ရာမှာ အချင်းချင်း အပြန်အလှန် ပူးတွဲ
လုပ်ဆောင်ဖို့နှင့် ထိုင်းကလေးတွေ အကျိုးဖြစ်ထွန်းစေမယ့် နည်းလမ်းပေါင်းစုံ
ရှာဖွေသွားဖို့ပါလို့ သူမကဆိုပါတယ်။
အခြားက ယဉ်ကျေးမှုပုံစံစုံ ရောယှက်လာတာနဲ့ အမျှ အမူအကျင့်ပေါင်းစုံနဲ့
ထိတွေ့ရမှုတွေ ပိုများလာတဲ့ အခြေအနေမှာ အသက်ငယ်ငယ်နဲ့ အတူနေတဲ့ကိစ္စ၊
လိင်ဆက်ဆံတဲ့ကိစ္စ တွေကို သာမန် ဖြစ်ရိုးဖြစ်စဉ်လိုမျိုး သဘောထားလာကြတယ်။
အခုလို သဘောထားမျိုးနဲ့ အံဝင်ဖို့ ဆိုရင်တော့ ကိုယ့်မိသားစုဝင်
အချင်းချင်းကြား ဆွေးနွေးတိုင်ပင်မှုကို အခုထက်မက စောစော လုပ်သင့်ပါတယ်။
"ကလေးတွေ အိမ်မှာ အချိန်ပြည့်မရှိသလို၊ မိဘတွေကလည်း သူတို့ကို
အချိန်ပြည့် ကြည့်မနေနိုင်ကြဘူး။ ဒီတော့ ကလေးတွေ ကျောင်းပြန်ချိန်၊
ကျောင်းပိတ်ရက်တွေမှာ ဘာလုပ်နေကြလဲ ဆိုတာ ကျမတို့ တကယ် မသိကြဘူး"။
"ကျမကတော့ သူတို့ကို အကာအကွယ် မပါပဲ ဆက်ဆံမိရင် ဘာဖြစ်နိုင်တယ်၊
ကိုယ်ဝန်ရနိုင်တယ်၊ ဒါတွေကို ဘယ်လို ကာကွယ်နိုင်တယ်ဆိုတာ သူတို့ကို
ပညာပေးထားခဲ့ရင် သူတို့အတွက် အကောင်းဆုံး ဖြစ်စေ လိမ့်မယ်။"
လိင်နှင့် ပတ်သက်တဲ့ ပညာပေးမှုမှာ ထိုင်းအစိုးရက ပိုပွင့်လင်းလာပါတယ်။
ပလန် အနေနဲ့ ချင်းရိုင်း၊ ချင်းမိုင်မြို့က ကျောင်းအချို့မှာ လိင်မှုဆိုင်ရာ
ပညာပေး အစီအစဉ်တွေ လုပ်နေပါတယ်။ ကျောင်းတွေကိုယ်၌က သူတို့ ကလေးတွေကို
ပွင့်ပွင့်လင်းလင်း ပညာပေးစေလိုကြတယ်။"
"ဒီပညာပေး အစီအစဉ်တွေကို မြို့ကြီးတွေနဲ့ ဆင်ခြေဖုံး ကျောင်းတွေမှာ
လုပ်လာကြတာကို တွေ့နေရပါပြီ။ အခု ကျမစိုးရိမ်နေတာက တောင်ပေါ်
တိုင်းရင်းသားတွေနဲ့ ကျောင်းမနေရတဲ့ ကလေးတွေပါ။ သူတို့တွေက ဘာမှအသိပညာ
မရှိပဲ နေချင်သလို နေမိကြမှာပဲ။ ကျမတို့ သူတို့ကို ထိစပ်ဖို့၊
အသိပညာပေးဖို့ တကယ့်ကို လိုအပ်နေတယ်။"
ကနေ့ ထိုင်းဆယ်ကျော်သက်တွေကြား လိင်ပညာပေးမှု အောင်မြင်ဖို့ဆိုရင်
နားလည်မှုနဲ့ လိုအပ်ချက်တွေကို ပံ့ပိုး နိုင်မှုက အခရာကျတာကို သူနှစ်နှစ်ကာကာ
ယုံကြည်တယ်လို့ တက္ကသိုလ်ကျောင်းသူ မန်တနာက ပြောပါတယ်။
သူမကပဲ "မင်္ဂလာ မဆောင်ခင် အတူမနေသင့်ဘူး ဆိုတဲ့ အတွေးအခေါ်ကို
နားလည်ပေးနိုင် ပါတယ်။ နောက်ထပ် စဉ်းစားမိတာက ကမ္ဘာပုံစံကလည်း အတော့်ကို
ပြောင်းနေပြီ ဆိုတာပါ။"
"ဒီကနေ ဆယ်ကျော်သက်တွေကြား အကာအကွယ်မပါပဲ အတူနေ၊ အတူအိပ်ကြတဲ့ ကိစ္စက
တကယ့်ကို နက်နက်ရှိုင်းရှိုင်း ဖြစ်နေတဲ့ ကိစ္စပါ။ ဒါကို လျစ်လျူရှု
ပစ်မထားသင့်ဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ ကျမမြင်တာကတော့ ဖြစ်လာတဲ့ အပေါ်
နားလည်မှုပေးနိုင်အောင် ကြိုးစားပေးပါ။ သူတို့ အပေါ် အပြစ်တင်နေတာထက်
စာရင်တော့ အဲဒီကလေးတွေကို ဘာလုပ်သင့်တယ်ဆိုတာကို လမ်းညွှန်သင်ပြပေးပါ။"
(Bangkok Post သတင်းစာပါ Arusa Pisuthipan ရေးသားသော Sex from Students' Perspective ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)
http://www.bangkokpost.com/news/health/338826/sex-from-students-perspectives
Monday, July 7, 2014
လိင်မှုဆိုင်ရာ အသိပညာပေးရေးနှင့် ဆယ်ကျော်သက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment